အမှန်က
မနေနိုင်မထိုင်နိုင် ထ, ရပ်မိတဲ့
ငါ့ ကိစ္စပါ…၊
တသက်လုံး ငြိမ်ငြိမ်ဆိမ်ဆိမ် ထိုင်လာခဲ့သမျှ
အခုမှ ကျိုးမှန်း သိခဲ့ရ...၊
မိုးကောင်းကင်မှာ လေယာဉ်ပျံတွေကို မြင်တိုင်း
ဥယျာဉ်ကျွန်းပေါ်က ဒေလီယာ ပန်းကလေးတွေကို
သတိရတယ်၊
အဆုပ်လိုက်အခဲလိုက်နဲ့ ခေါင်းပေါ်မှာ ခဏရပ်တန့်၊
ရွာတော့မလိုလို ဟန်ပြင်ပြီးမှ
အဝေးကို ရယ်မောထွက်ခွာသွားတဲ့
တိမ်တိုက်တွေကို သူတို့ ငေးနေရှာ ရော့မယ်၊
တချို့က ဖူး၊ တချို့က ပွင့်၊
တချို့က ခပ်ဖွေးဖွေး နေရောင်ခြည်အောက်၊
တချို့က ခပ်ဖွဲဖွဲ မိုးစက်တွေအောက်…၊
အဲဒီဥယျာဉ် ရှိရာဆီပေါ့...၊
အလွမ်းတွေကို တစ်ပင်ပြီးတစ်ပင် ဆင့်လို့
ကိုင်းကူးကိုင်းဆက်နဲ့
ငါ စိုက်ပျိုးနေခဲ့မိတာ၊
ဒေလီယာ ပန်းကလေးတွေရဲ့ ဂီတမှာ
မှော်ဝင်နေတဲ့ ကချေသည် တစ်ယောက်လို
ငါ ယစ်မူး မျောပါသွားချင် ပါရဲ့ကွယ်...၊
တည်ဆောက်ဖို့ အားမထုတ်သလို
ဖြိုဖျက်ဖို့လည်း မကြိုးစားခဲ့ဘူး၊
မရိတ်သိမ်းချင်တဲ့ အရာတွေအတွက်
မစိုက်ပျိုးမိအောင် နေတယ်၊
ငါး မမိခဲ့တဲ့ နေ့ရက်များစွာမှာ
ပြုံးရယ်စွာနဲ့ အိမ်ပြန်လာနိုင်အောင် ကြိုးစားရင်း
စိတ်ရှည်ခြင်းကိုလည်း သင်ယူတတ်ခဲ့ပြီ၊
အချိန်ဆိုတာက သူ့ရာသီကျမှ
တလွင့်လွင့်၊ တသုန်သုန် တိုက်လာတတ်တဲ့
မြောက်ပြန် လေညှင်းလေးပဲ မဟုတ်လား...၊
ပုံပြင်ထဲက လူငယ်လေးလိုတော့
ပုလွေလေး တစ်ချောင်းနဲ့
ကြွက်အပေါင်းကို မခေါ်နိုင်ခဲ့ပါဘူး၊
ဒါပေမယ့် ငါ့လက်ထဲက
လောကဓာတ် ကြွက်ကလေးရဲ့ ခေါင်းအညိတ်မှာ
ဟောဒီ ဘဒ္ဒကမ္ဘာလည်း မြေကြောရှုံ့ ခဲ့ရပြီ…၊
ဒေလီယာပန်းကလေးတို့ရေ...
အနီရောင်အစက်ကလေး မှာ
ငါ့ကို စောင့်နေပါ၊
တပေါင်းလရဲ့ ရော်ရွက်ဝါတွေနဲ့အတူ
ငါ ပြန်လာခဲ့မယ်...။
ခက်ဆစ်။ ။
အနီရောင်အစက်ကလေး = ထင်ရှားကျော်ကြားသော်လည်း အရွယ်အစားမှာ သေးလွန်းသောကြောင့် ကမ္ဘာ့မြေပုံပေါ်တွင် အနီရောင် အစက်ကလေးအဖြစ်သာ မြင်ရတတ်သည့် အရှေ့တောင်အာရှမှ နေရာတစ်ခု...။
ညီလင်းသစ်
၈ စက်တင်ဘာ၊ ၂၀၁၃